အဆိပ်သင့် အသည်း အဆိပ်သင့် အသည်း
အသည်းဟာ အဆိပ်သင့်တတ်ပါတယ်။ ဟုတ်ပါတယ်၊ ချစ်သူရည်းစားကြောင့် မဟုတ်တဲ့အကြောင်းတွေကြောင့် အသည်းကို အဆိပ်သင့်ပြီး အသည်းပျက်စီးတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။
ဘာတွေလဲ သိချင်နေကြပြီဟုတ်၊ ဒါဆိုရင် အဆုံးထိ ဆက်ဖတ်လိုက်ကြရအောင်နော်။
အသည်းရဲ့ အဓိကအကျဆုံးလုပ်ငန်းတွေထဲမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ရတာလည်း ပါဝင်ပါတယ်။ အဆိပ်အတောက်တွေနဲ့ ထိတွေ့ရတဲ့ အသည်းဟာ တုံ့ပြန်တဲ့အနေနဲ့ ရောင်ရမ်းလာပါတယ်။ ဒါကို Toxic Hepatitis လို့ခေါ်ပါတယ်။
တချို့တွေမှာ အဆိပ်အတောက်တွေနဲ့ ထိတွေ့ပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်း အသည်းအဆိပ်သင့်တဲ့ လက္ခဏာတွေ ပြတတ်ပေမယ့် တချို့တွေမှာတော့ လပေါင်းနှစ်ပေါင်းများစွာကြာမှ လက္ခဏာပြတာမျိုးလည်း ရှိပါတယ်။
ဘာတွေက အသည်းကို အဆိပ်သင့်စေသလဲ?
၁။ အရက်
အရက်က အသည်းရဲ့ရန်သူလို့တောင် ပြောလို့ရပါတယ်။ အရက်ကို နှစ်ရှည်လများ စွဲသောက်တဲ့အခါ အသည်းအဆိပ်သင့်တာ ဖြစ်လာပါတယ်။ အသည်းရောင်၊ အသည်းခြောက်အသည်းကင်ဆာဖြစ်တာ၊ အသည်းပျက်စီးတာရဲ့ ထိပ်တန်းတရားခံဟာ အရက်ပါပဲ။
၂။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်လို့ရတဲ့ဆေးတွေ
ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူသောက်လို့ရတဲ့ တချို့ဆေးတွေကို အလွန်အကျွံသောက်မိရင် အသည်းအဆိပ်သင့်နိုင်ပါတယ်။ ဘာဆေးတွေလဲဆိုတော့ Acetaminophen လို့ခေါ်တဲ့ ပါရာစီတမော၊ Aspirin နဲ့ Ibuprofen တို့လို့ အကိုက်အခဲပျောက်ဆေးတွေဟာ အသည်းကို ထိခိုက်စေနိုင်ပါတယ်။
၃။ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတဲ့ဆေးတွေ
ဒီထဲမှာတော့ သွေးထဲက အဆီကျဖို့ သောက်ရတဲ့ statin အုပ်စုဝင်ဆေးတွေ၊ Co-amoxiclav လို ပိုးသတ်ဆေးတွေ၊ Rifanpicin လို တီဘီဆေးတွေ၊ Methotrexate နဲ့ Azathioprine လို ကင်ဆာဆေးတွေ၊ HIV ကုရာမှာသုံးတဲ့ဆေးတွေ၊ Ketoconazole လို မှိုသတ်ဆေးတွေ၊ Allopurinol လို အဆစ်အမြစ်ရောင် ဂေါက်ရောဂါမှာ သုံးတဲ့ဆေးတွေ နဲ့ စတီးရွိုက်ဆေးတွေ ပါဝင်ပါတယ်။
၄။ တိုင်းရင်းဆေးနဲ့ ဖြည့်စွက်စာတွေ
ဖြည့်စွက်စာတွေ၊ တိုင်းရင်းဆေးတွေမှာ ရှားစောင်းလက်ပတ်၊ Black cohosh ၊ Cascara ပင်၊ ခရိုရီဆုတ် သစ်ဆီ၊ Comfrey ၊ Ephedra ၊ Kava ပင် စတာတွေပါဝင်နေရင် အသည်းကိုအဆိပ်သင့်နိုင်လို့ ချင့်ချိန်ပြီး သုံးစွဲသင့်ပါတယ်။ အထူးသဖြင့် ကလေးတွေက ချိုချဥ်တို့၊ အားဆေးတို့နဲ့ မှားပြီး အများကြီးသောက်သုံးမိရင် အသည်းပျက်စီးသွားနိုင်ပါတယ်။
၅။ စက်ရုံအလုပ်ရုံက ဓာတုပစ္စည်းတွေ
တချို့စက်ရုံအလုပ်ရုံတွေဟာ လုပ်ငန်းခွင် ဓာတုအဆိပ်သင့်မှုတွေကြောင့် အသည်းရောဂါ၊ ကင်ဆာရောဂါတွေ ဖြစ်နိုင်ပါတယ်။ ပလတ်စတစ်ထုတ်လုပ်ရာမှာသုံးတဲ့ Vinyl chloride ၊ သန့်ရှင်းရေးလုပ်ရာမှာသုံးတဲ့ Carbon tetrachloride၊ ပေါင်းသတ်ဆေးတွေဖြစ်တဲ့ Paraquat နဲ့ Polychlorinated biphenyls တွေနဲ့ ထိတွေ့ရတဲ့သူတွေမှာ အဖြစ်များပါတယ်။
၆။ ပိုးသတ်ဆေး အလွန်အကျွံသုံးထားတဲ့ အသီးအရွက်နဲ့ အစားအသောက်တွေ
အသီးအရွက်တွေ၊ အစားအသောက်တွေမှာပါတဲ့ ပိုးသတ်ဆေးတွေကို ဆားရည်၊ ရှာလကာရည်နဲ့ အနည်းဆုံးနာရီဝက်လောက်စိမ်ပြီးမှ စားသင့်ပါတယ်။ မဟုတ်ရင်တော့ မူးဝေအော့အန်ပြီး အစာအဆိပ်သင့်သလိုဖြစ်တာ၊ ပမာဏများရင် ဒါမှမဟုတ် ကာလကြာရှည်စားသုံးရင် အသည်းအဆိပ်သင့်တာ ဖြစ်နိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေ ပြမှာလဲ?
အသည်းရောင်၊ အသည်းရောဂါတွေရဲ့ ထုံးစံအတိုင်းပါ။
- မျက်လုံးနဲ့အသားဝါတာ
- ဆီးအရောင်ရင့်တာ
- ခန္ဓာကိုယ် ယားယံတာ
- မောပန်းပြီး နုံးချိနေတာ
- ဖျားတာ၊ ပျို့အန်တာ
- အစားအသောက်ပျက်တာ၊ ဝိတ်ကျတာ
- ဝမ်းဗိုက်အပေါ်ပိုင်းအောင့်တာတွေ ဖြစ်တတ်ပါတယ်။
အရမ်းဆိုးရင် သတိလစ်ပြီး coma ဝင်တဲ့ထိ ဖြစ်နိုင်ပါတယ်။ နာတာရှည်အနေနဲ့ ဆိုရင်တော့ အသည်းခြောက်တာ၊ အသည်းကင်ဆာဖြစ်တာ၊ အသည်းပျက်စီးပြီး အလုပ်မလုပ်တော့တာထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဆေးတွေအလွယ်တကူမသောက်တာ၊ အလွန်အကျွံမသောက်တာ၊ ဖြည့်စွက်စာတွေ၊ တိုင်းရင်းဆေးတွေရဲ့ ပါဝင်ပစ္စည်းကို သေချာစစ်ဆေးပြီး သတိထားသုံးစွဲတာ၊ စက်ရုံအလုပ်ရုံမှာ အလုပ်လုပ်ရရင်လည်း အကာအကွယ်ပစ္စည်းတွေ သုံးစွဲတာ၊ အသီးအရွက်တွေကို ရေသေချာဆေးပြီးမှ စားသုံးတာမျိုး လုပ်ခြင်းဖြင့် အသည်းအဆိပ်သင့်မှုကို လျှော့ချနိုင်မှာပါ။
တစ်ယောက်နဲ့တစ်ယောက်က ခံနိုင်ရည်အားမတူတာမို့ ဇီဝလုပ်ငန်းစဥ်နှေးတဲ့ အသက်ကြီးရင့်သူနဲ့ အမျိုးသမီးတွေ၊ အသည်းရောဂါအခံရှိသူတွေ၊ စက်ရုံအလုပ်ရုံတွေမှာ လုပ်ရသူတွေဟာ ပိုပြီးသတိထားရပါမယ်။
အဆိပ်အတောက်တွေနဲ့ ထိတွေ့တာကို ရပ်လိုက်ပြီး ကုသမှုခံယူရင် ပြန်ကောင်းသွားတာ ရှိသလို အသည်းပျက်စီးပြီး အသည်းအစားထိုးမှ အသက်ရှင်နိုင်တဲ့ထိလည်း ရှိတတ်တာမို့ အသည်းကို ဂရုစိုက်ဖို့ အကြံပေးပါရစေ။
အသည်းအဆိပ်သင့်တယ်လို့ သံသယရှိရင် အချိန်မဆိုင်းဘဲ ကုသမှုခံယူကြပါ။ Healtppy က ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးချင်ရင်လည်း အဆင်သင့်ရှိနေပါတယ်နော်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
ထက်လင်း 16 Nov 2023 |
ကူညီပါဆရာ အသည်းအဆိပ်တတ်နေတယ်ပြောတယ် ခြောက်လည်းခြေက်နေတယ်တဲ့